ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ  ဖေဖော်ဝါရီ   ၂၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်ဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက သံတွဲမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲလေဆိပ်ဧည့်ခန်းမ၌ သံတွဲလေယာဉ်ကွင်းတိုးချဲ့ ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။ ထိုသို့တွေ့ဆုံစဉ် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းအေးနှင့် တာဝန်ရှိသူများက သံတွဲလေယာဉ်ကွင်း တိုးချဲ့ဆောင်ရွက် ထားရှိမှုနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးမှာကြားကြပြီး လေယာဉ်ကွင်းတိုးချဲ့ ဆောင်ရွက်မည့်အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်ရှိ Golden Myanmar property development ကုမ္ပဏီမှ  ဆောက်လုပ်လှူဒါန်းမည့် အခမဲ့အသက်မွေးပညာ သင်တန်းကျောင်းနှင့် ခရီးသွားလုပ်ငန်းအထောက်အကူပြု အိမ်ရာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုကြရာ မန်းနေဂျင်းဒါရိုက်တာ ဦးစိုးမိုးအောင်က စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က တာဝန်ရှိသူ များနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း RCC(၁)ထပ် ဆောက်လုပ် နေမှုအားသွားရောက် ကြည့်ရှုစစ်ဆေးကြရာ ကျောင်းဆောင်ဆောက် လုပ်နေမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အနာဂတ်ရင်သွေးလေးများ၏ ဘဝတိုးတက်ရေးအတွက် အဓိကအားထားစရာ ကျောင်းတော်ကြီးဖြစ်သည့် အတွက် တာဝန်ယူဆောင်ရွက်နေကြသူများအနေဖြင့် စိတ်စေနာအပြည့်အဝထားကာ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ ဒွါရာဝတီခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သံတွဲမြို့နယ်အတွင်းရှိ (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင်သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးမျိုးချစ်က ခရိုင်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်လူမှုရေးဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများနှင့် (MSME) လုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးကို အလေး ထားလုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ထက်ပိုမိုပြီးဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက် မှုများရရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်းတည်ငြိမ် အေးချမ်းမှုကိုပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ယခုခရီးစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိဒေသမှာရှိသည့် မူရင်းလုပ်ငန်းများ ကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆက်လက်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ သံတွဲမြို့နယ်၊ ငပလီဒေသသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို အဓိကထား လုပ်ဆောင်သည့် ဒေသဖြစ်ကြောင်း၊ ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် လုပ်ဆောင်နိုင်ရန်အတွက် လူစွမ်းအား အရင်းအမြစ်များကို အခိုင်အမာမွေးထုတ်ပေးသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဒေသခံလူငယ် များ၏ အကျိုးအတွက် ဦးစားပေးလုပ်ဆောင်ပေးကြစေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဒေသခံ ပြည်သူများနှင့်ပူးပေါင်းပြီး ဒေသအကျိုးအတွက် လုပ်ဆောင်ပေးကြစေလိုကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း၌ သံတွဲမြို့နယ်အတွင်းရှိ (MSME) လုပ်ငန်းရှင် များ၏ ဒေသထွက်ကုန်များခင်းကျင်းပြသထားရှိမှုအားလှည့်လည် ကြည့်ရှုအား ပေးခဲ့ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)