သီပေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သီပေါ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ အခွင့်အရေး၊ လိုက်နာရမည့်အချက်များ စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းသွယ်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)ခုနှစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်အနက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်ကြောင်းနှင့် ကလေးသူငယ်ဥပဒေကို (၁၄-၇-၁၉၉၃)ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ခုနှစ်တွင် နည်းဥပဒေကိုရေးဆွဲခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်းနှင့် ဥပဒေအကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးဒေါ်စန်းစန်းသွယ်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၂၀)ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)