မိုးညှင်းမြို့၌ ခရိုင်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်

မိုးညှင်း ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်းမြို့နယ်၊ ဖားကန့်မြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၆)ကြိမ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံ သင်တန်း (၂)ကြိမ်နှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း (၅)ကြိမ် ဆောင်ရွက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၅၀)ဦးတို့ကို သင်တန်းပို့ချခဲ့ပြီးဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးလဖိုင်ဇော်ဂေါင်က သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် သင်ထောက်ကူ ပစ္စည်း (၁၀)မျိုးပါ ကျောပိုးအိတ်များကို ပေးအပ်ကာ သင်တန်း အား ဆက်လက်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့ထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မိုးညှင်းခရိုင်နေဖြင့် အဖြစ်များတတ်သည့် သဘာဝဘေးများတွင် မီးဘေး၊ ရေဘေး၊ မြေပြိုဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေးများဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ သဘာဝဘေးပေါင်း (၈၄)ခု ဖြစ်ပွားခဲ့ပြီး ဘေးသင့်အိမ်ထောင်စု (၇၄၃)စုနှင့် လူဦးရေ(၃၂၂၁)ဦး ဘေးသင့်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ရွှေမိုးညှင်း