ဖယ်ခုံ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်ထိုင်စားသောက်ခြင်း ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်စေရေး ရှောင်တခင် လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦသီဟနေသွေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးမြတ်သူ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုထွေး(ဖယ်ခုံ)