စစ်တွေ ဖေဖော်ဝါရီ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀၃၀)ချိန်က အထက(၂) ဓမ္မဇေယျခန်းမ၌ လူငယ်များ အသိပညာ၊ အတတ်ပညာ မြင့်မားပြီး အမှားအမှန် ခွဲခြားတတ်စေရန်၊ ဘက်စုံတော်သည့် လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်ယုယုနွယ်(လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်များဟာ အနာဂတ်ကြယ်ပွင့်လေးများဖြစ်ပြီး နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွေမှာ လူငယ်ရေးရာ ကိစ္စများကို အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူငယ်များအတွက် ရည်ရွယ်၍ စကားဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကျင်းပရာ အထက(၂)၊ Grade10 ကျောင်းသား မောင်အောင်မျိုးခန့်က လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူငယ်နှင့်စည်းကမ်းသည် ဒွန်တွဲလျက်ရှိပါကြောင်း၊ အသိဉာဏ်ရှိတဲ့ လူတိုင်း စည်းကမ်းရှိကြပါကြောင်း၊ အချိန်လေးစား၍ လူငယ်များ အပါအဝင် နိုင်ငံသူနိုင်ငံသားများအားလုံး စည်းကမ်းရှိပြီး တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးရာ ဒေါ်ခင်ယုယုနွယ်က အပြန်အလှန် ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ Grade10ကျောင်းသူ မချမ်းမြေ့ကေခိုင်က Social media သုံးစွဲခြင်း ကောင်းကျိုး၊ဆိုးကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade10 ကျောင်းသားမောင်အောင်ကိုခန့်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 11ကျောင်းသူ မနီနီလင်းရွှေက လူငယ်နှင့်စာအုပ်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြကြောင်း သတင်းရသည်။
ဇူလိုင်ကြယ်(ပြန်/ဆက်)