ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း  Asia World ဆိပ်ကမ်းတွင် ရောက်ရှိနေသည့် လျှပ်စစ်သုံးယာဉ်များ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၁၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နေ့လယ်ပိုင်းတွင်  မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့်  Essential Motor Co., Ltd. ကတင်သွင်းပြီး Asia World ဆိပ်ကမ်း၌

ရောက်ရှိနေသည့် BYD အမှတ်တံဆိပ် လျှပ်စစ်သုံး ယာဉ် ၂၅ စီးကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ-၂၊စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက လျှပ်စစ် သုံးယာဉ်များအတွက် ထုတ်ပြန်ထားသည့်စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ၊မရှိ၊သွင်းကုန်လိုင်စင်နှင့်သွင်းကုန်ကြေညာလွှာပါအချက်အလက်များ ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးပြီး တင်သွင်းရောက်ရှိလာသည့်ယာဉ်များအတွက်ရောင်းချပြီး အာမခံမှု၊ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုနှင့် အပိုပစ္စည်းရရှိမှုတို့ကို ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးနိုင်ရေးနှင့် မူရင်းထုတ်လုပ်သည့်ကုမ္ပဏီနှင့်ချိတ်ဆက်၍ လျှပ်စစ်သုံးယာဉ်ဆိုင်ရာနည်းပညာများပြည်တွင်း၌ရရှိစေရေးဆောင်ရွက်ရန် မှာကြားသည်။

ယခုရောက်ရှိလာသည့် BYD အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် ၂၅ စီးသည် ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ၁၅ရက်တွင်ရောက်ရှိပြီး၁၆ရက်တွင် Import Declaration ဖွင့်လှစ်၍အကောက်ခွန်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ လျှပ်စစ်သုံးယာဉ် ၂၅ စီးသည် BYD Atto3 အမျိုးအစား ၁၅ စီးနှင့် BYD Dolphin အမျိုးအစား ၁၀ စီးဖြစ်ပြီး လူစီးယာဉ်အဖြစ်အသုံးပြုနိုင်ရေး ရည်ရွယ်၍ Essential Motor Co., Ltd. ကတင်သွင်း လာခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင်း City Taxi အဖြစ်ပြေးဆွဲမည့် BYD အမျိုးအစားလျှပ်စစ်သုံးယာဉ်များကိုလည်း မူရင်းကုမ္ပဏီတွင်မှာယူထားပြီး မတ်လအတွင်း၌ ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်သည်။ လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရန်အတွက် Essential Motor Co., Ltd. သည်  ရန်ကုန်ဘူတာကြီးအနီးတွင် Level 3 အဆင့် Charger ငါးစုံ၊ Dual Gun အသုံးပြုနိုင်သည့် Charging Station တည်ဆောက်ရေးလုပ်ငန်းများကို လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)