ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE. FALLS) သို့ အစိုးရရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) ကို နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တစ်ခုအဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး ပွဲကောက်ရေတံခွန်မှ ရှုခင်းအလှအပများကို အမြင့်မှကြည့်ရှုခံစားနိုင်ကာ စိတ်လှုပ်ရှားဖွယ် လိုက်ပါစီးနင်းနိုင်မည့် Sky Cable Car Service ကိုလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စတင်ဖွင့်လှစ်ပြေးဆွဲပေးနေပြီဖြစ်သောကြောင့် ယခင်ကထက် ခရီးသွားပြည်သူများ ဝင်ရောက်လေ့လာ အပန်းဖြေမှု ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတွင် မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ၊ ပန်းအလှပျိုးပင်စိုက်ကွက်များဖြင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွား ပြည်သူများအပန်းပြေစေရေး တိုးချဲ့ဆောင်ရွက်ထားသည့်အပြင် ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable Car ကိုပါ ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Sky Cable Car သည် အသွားအပြန်လမ်းကြောင်းအားဖြင့် ၁,၁၀၈ မီတာရှည်လျားပြီး Drive Station House၊ Return Station House တာဝါ ၆ ခုပါဝင်ကာ ကောင်းကင်ကြိုးဝိုင်းတွင် လူလေးဦးလိုက်ပါစီးနင်းနိုင်သည့် Cabin အတွဲပေါင်း ၃၆ လုံး တပ်ဆင်ထားကြောင်း သိရသည်။ Sky Cable Car အသွားအပြန်ခရီးစဉ်တစ်လျှောက် ကြာမြင့်ချိန်မှာ ၂၄ မိနစ်ခန့်ဖြစ်ပြီး Sky Cable Way တည်ဆောက်မှု၊ စမ်းသပ်မောင်းနှင်မှု၊ အန္တရာယ်ကင်းရေး ကြိုတင်ကာကွယ်မှုနှင့် အရေးပေါ်ကယ်ဆယ်ရေးလေ့ကျင့်မှုများအားလုံး အောင်မြင်စွာစစ်ဆေးပြီးစီးပြီဖြစ်သောကြောင့် လာရောက်လည်ပတ်သူ အပန်းဖြေသူများအနေဖြင့် ကောင်းကင် Cable ကား (Sky Cable Car) ကို အန္တရာယ်ကင်းစွာ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတွင် စနေ၊ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်များ၌ Music Show အစီအစဉ်များနှင့် ဆင်လိမ္မာပြကွက် အစီအစဉ်များ ထည့်သွင်းပြသလျက်ရှိသောကြောင့် စနေ၊ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများ ဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ်