ဖားကန့် စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်မြို့နှင့် ကာမိုင်းမြို့သွားကားလမ်းတွင် စက်တင်ဘာ ၂၅ ရက်ကစခဲ့သော မိုးသည်းခဲ့မှုကြောင့် မိုးကောင်းချောင်းနှင့် အင်းတော်ကြီးချောင်း တို့ ရေမြင့်တက်ခဲ့ပြီး ကားလမ်းပေါ် ချောင်းရေ သုံးပေခန့်ကျော်နေသည့် အတွက် ယနေ့တွင် ခရီးသည်တင်ကားငယ်များ ထွန်စက်ဖြင့်ဆွဲပြီး မော်တော်ဆိုင်ကယ်များကို လူအားဖြင့် ထမ်းသယ်နေရကြောင်း နန့်ယားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
"ကာမိုင်း ဘက်ကလာရင် ကိုးမိုင်တံတား မရောက်ခင်ဘက်ခြမ်းမှာက အလျားပေ(၈၀)ခန့်၊ အမြင့်ပေက(၃)ပေကျော်၊ တံတားရဲ့ ဒီဘက်ခြမ်းအပိုင်းမှာက အလျားပေ(၂၀၀)ခန့်၊ အမြင့်ပေက(၃)ပေကျော် ကားလမ်းပေါ် ရေကျော်နေတာပေါ့၊ ရေကပြန်မကျဘဲ တန့်နေတာ"ဟု နန့်ယားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ ဦးအောင်ဖြိုးက ပြောသည်။
ကားလမ်းရေကျော်နေသည့်အတွက် ခရီးသွားကားများနှင့် မော်တော်ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် မိမိတို့အစီအစဉ်ဖြင့် အခကြေးငွေပေးကာ ကားငယ်များအား ထွန်စက်နှင့်ဆွဲပြီး ဆိုင်ကယ်များအား ဝါးလုံးလျှို လူအားနဲ့ထမ်းနေကြရကြောင်း၊ လုံးခင်းယာယီကားကွင်းသို့ ရေကျော်ကားလမ်းအား ဖြတ်ကျော်လာခဲ့သူ ကားသမားတစ်ဦးထံက ထွန်စက်နဲ့ဆွဲခ ကားတစ်စီး သုံးသောင်းပေးရကြောင်း သိရသည်။
သက်ဆိုင်ရာနယ်မြေအလိုက် အုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်များ၊ လူမှုရေး အသင်းအဖွဲ့များက ရေကျော်ကားလမ်းပေါ်မှ သွားလာနေရသူများ လမ်းကြောင်း မမှားသွားစေရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ချောင်းရေများလျှံမှုကြောင့် ကားလမ်းအပြင် ကာမိုင်းမြို့မရပ်ကွက် အနိမ့်ပိုင်းလူနေအိမ်များသို့ ရေဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်အထိ အိမ်ထောင်စု (၁၇၄)စု၊ လူဦးရေ (၈၁၂)ဦးတို့အား နီးစပ်ရာ ဘုန်းကြီးကျောင်း၊ အသင်းတော်အဆောက်အဦနှင့် ဘော်ဒါဆောင်တို့တွင် ယာယီရွှေ့ပြောင်းပေးထားပြီး ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကာမိုင်းနယ်မြေခံ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့်လူမှုရေးအသင်း အဖွဲ့များက နေထိုင်မှုအဆင်ပြေစေရေး လိုက်လံကြည့်ရှု စစ်ဆေးပြီး ထမင်းဘူးများ ဝေငှပေးလျက်ရှိကြောင်း ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ထို့အပြင် စက်တင်ဘာ ၂၅ ရက်ကမိုးနှင့်ချောင်းရေလျှံမှုကြောင့် ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာမှ ရှဒူဇွပ်(အ.ထ.က)ကျောင်း၏ အုတ်တံတိုင်းခြံစည်းရိုး အလျားပေ(၁၃၀)ခန့်မှာလည်း ရေပြန်ကျသွားသည့် ယနေ့နံနက်ပိုင်းတွင်မှ ပြိုကျလျက်ရှိနေသည်ကို တွေ့ရကြောင်း ရှဒူဇွပ်ကျေးရွာ အုပ်ချုပ်ရေးရုံးမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)