နမ့်ဆန် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီတွင် ပါဝင်သောအဖွဲ့ဝင်များမှ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ အကြောင်းကို သိရှိနိုင်ရန် ယမန်နေ့ နံနက်(၁၀)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျင်စိန်က ယခုမဲဆွယ် ကာလမှစပြီး ရွေးကောက်ပွဲကျင်းပမည့် နိုင်ဝင်ဘာ(၈)ရက်နေ့အထိ နိုင်ငံရေးပါတီ၊ ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့ကို ထောက်ခံသူများအကြား နားလည်မှု လွဲမှား၍ဖြစ်စေ၊ မဲဆွယ်စည်းရုံးခြင်းညွှန်ကြားချက် (၁/၂၀၁၄)ကို ချိုးဖောက်ခြင်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးနှင့်တစ်ဦး အမုန်းစကားနှင့် မမှန်သတင်းများ ပြောဆိုခြင်း၊ ကောလဟာလများ ဖြန့်ဝေခြင်း၊ ဘာသာရေးကို အသုံးချ၍ မဲဆွယ်စည်းရုံးခြင်း၊ မဲဆွယ်စည်းရုံးခွင့် မပြုခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် မဲဆွယ်ပစ္စည်းများကို ဖျက်စီးခြင်း စသည်ဖြင့် တရားမဲ့ပြုကျင့်မှုများ ဖြစ်ပွားလာပါက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်က အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် မလိုလားအပ်သော ရှေ့ဆက်ဖြစ်မည့် ပြဿနာများကို တားဆီးနိုင်ရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးစိုင်းဝင်းထွဋ်အောင်က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် ပါဝင်သောအဖွဲ့ဝင်များမှ ၂၀၂၀ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များအကြောင်းကို စေ့စပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကိုအောင်မိုး (ရွှေဖီမြေ)