ကျောက်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၄) ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၃၆၅) ဦး ဝင်ရောက်ဖြေဆိုမည်

ကျောက်ဖြူ ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အား စာစစ် (၄) ခုဖြင့် စာမေးပွဲကျင်းပမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၃၆၅) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောက်ဖြူမြို့နယ်၌ စာမေးပွဲ ကျင်းပသွားမည့် စာစစ်ဌာနများမှာ အထက-၁ စာစစ်ဌာန၊ အထက-၂ စာစစ်ဌာန၊ အထက-၃ စာစစ်ဌာနနှင့် အထက-စစ်တော စာစစ်ဌာများဖြစ်ပြီး ကျောင်းတွင်းဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ (၆၃)ဦး၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ (၁၃၀၂) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၃၆၅) ဦးတို့မှာ အဆိုပါစာစစ်ဌာန (၄) ခု၌ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၃၄၂၃) ဦးရှိပြီး (၁၅၉၃) ဦး အောင်မြင်ခဲ့ကာ အောင်ချက်အနေဖြင့် ၄၆.၅၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)