မိုင်းယောင်း ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တောင်သူတို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ရွှေပဲရွက်စိုက်ခင်းများမှာ ရှင်သန်ပြီး ဝေဝေဆာဆာရှိနေကြသည်ကို တွေ့ရသည်။
မိုင်းယောင်းမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ ရွှေပဲရွက်ကို မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် အဓိကထားစိုက်ပျိုးကြသည်။ ရွှေပဲရွက်ကို တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးကြပြီး နတ်တော်လ၊ ပြာသိုလ၊ တပို့တွဲလတို့တွင် အများဆုံး စိုက်ပျိုးကြသည်။ ရရှိသည့် ရွှေပဲရွက်များကို ဈေး၊ ခေါက်ဆွဲဆိုင်များသို့ သွားရောက်ရောင်းချကြသည်။
“ကျွန်တော်တို့ တောင်သူတွေက ရွှေပဲရွက်ကို အဓိကအားထား စိုက်ပျိုးကြရတာက မိသားစုအပိုဝင်ငွေရရှိစေရေးနဲ့ မီးဖိုချောင်အသုံးစရိတ်ကို ကာမိအောင် စိုက်ကြတာပါ။ ရွှေပဲရွက် ပေါ်ချိန်မှာ နှစ်ပုံလျှင် ငွေကျပ် ၅၀၀ ရပါတယ်။ တချို့လည်း ခြံထဲအထိ လာရောက်ဝယ် ယူတာတွေလဲ ရှိပါတယ်” ဟု တောင်သူကြီးတစ်ဦးက ပြောပြသည်။
ရွှေပဲရွက်ကို ရှမ်းခေါက်ဆွဲ၊ ဟင်းရည်၊ တို့စရာ၊ ခေါက်ဆွဲနွဲ့တို့တွင် မိမိကြိုက်နှစ်သက်သလို အမျိုးမျိုးအလွယ်တကူ ပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း