မက်မန်း ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် မီးဘေးအန္တရာယ် စိုးရိမ်ရသော ပွင့်လင်းခြောက်သွေ့သည့် အချိန်ကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအသိနှိုးဆော်ခြင်းများကို မက်မန်းမြို့ရှိ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက် လိုက်လံဆော်ဩခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းမြို့ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအား မီးဘေးအသိလိုက်နာစေရေးအတွက် မီးအသုံးပြုမှုများကို နေ့စဉ်နံနက်(၅)နာရီမှ (၁၀)နာရီအထိလည်းကောင်း၊ ညနေ (၄)နာရီမှ (၇)နာရီအထိ လည်းကောင်း၊ ရုံး/ဌာန၊ နေအိမ်၊ အဆောက်အအုံများတွင် မီးသတ်ဆေးဘူး၊ ခိုင်ခန့်သောမီးချိတ်၊ မီးကပ်၊ သဲ၊ လှေကားနှင့်ရေ လုံလောက် စွာထားရှိရေး၊ မီးဖိုများကို အသုံးပြုပါက မီးကြွင်း၊ မီးကျန်မရှိအောင် ငြှိမ်းသတ်ထားရှိရေး၊ မီးဖိုအသုံးပြုစဉ် လူစောင့်ထားရန်၊ ကလေးငယ်နှင့်သက်ကြီးရွယ်အိုများအား ထမင်းဟင်းများ ချက်ပြုတ်ခြင်း မပြုလုပ်ခိုင်ရန်၊ နေအိမ်ခြံဝန်းအတွင်း အမှိုက်၊ ကောက်ရိုး၊ ဓနိ၊ သက်ကယ်စသည်တို့ကို မီးလောင်လွယ်သည့်အရာများ ထားရှိခြင်းမပြုရေး၊ အနှေးယာဉ်၊ အမြန်ယာဉ်များ စီးနင်းစဉ်နှင့် လမ်းလျှောက်စဉ် ဆေးလိပ်သောက်ခြင်း၊ မီးပါသောဆေးလိပ်တိုများအား စည်းကမ်းမဲ့စွန့်ပစ်ခြင်းမပြုလုပ်ရန်၊ ဟောင်းနွမ်း၍ ချိူ့ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဝါယာကြိုးများကို အသုံးမပြုရေး၊ လျှပ်စစ်မီးအသုံးပြုပြီးပါက မီးခလုတ်များ ပိတ်ခြင်း၊ မီးပျက်ပါက မိန်းခလုတ်များပိတ်ခြင်းဆောင်ရွက်ရေး၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်ကို ပြည်သူများလိုက်နာဆောင်ရွက်နိုင်ရေးနေ့စဉ် ညနေ(၅)နာရီ (၈)နာရီအထိ လိုက်လံဆော်ဩခြင်းနှင့် မီးဘေးအသိသီချင်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)