မိုးကောင်း ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နောင်ကိုင်တော်ရပ်ကွက်၏ (၂၁)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းရေစက်သွန်းချလောင်းလှူပူဇော်ပွဲကို ယမန်နေ့ ညနေ (၃)နာရီတွင် ရွာနာမ် စေတီဓမ္မာရုံ၌ ကျင်းပခဲ့သည်။
မိုးကောင်းမြို့ပေါ်ရှိ ကျောင်းတိုက်(၂၃)ကျောင်းတွင် သီတင်းသုံးတော်မူကြသော သံဃာတော် (၃၈၀)ပါးနှင့် သီလရှင်(၂)ကျောင်းတွင်ရှိသော ဆရာလေးအပါး (၁၂၀)တို့အား လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆန်တော်တို့ကို ရေစက်ချလောင်းလှူပူဇော်ခြင်းဖြစ်သည်။ ရေစက်ချအခမ်းအနားကို နောင်ကိုင်တော်၊ ရွှေပြည်၊ သီရိမင်္ဂလာ(ရှမ်းကျောင်း)နှင့် ရိပ်သာကျောင်းတိုက်တို့မှ ပင့်သံဃာတော်များအမှူးပြု၍ ဒါယိကာ၊ ဒါယိကာမများတက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ ရိပ်သာကျောင်းတိုက်မှ ဆရာတော်ဇဝနထံ ငါးပါးသီလခံယူတည်ဆောက်ကြပြီး ဆရာတော်ဘုရားမှ ရေစက်ချတရား ချီးမြှင့်တော်မူသည်။ ဆက်လက်၍ သံဃာတော်တို့အား နဝကမ္မပစ္စည်းဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှဝေလှူဒါန်းခဲ့ကြသည်။
ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ကျောင်းတိုက်ပေါင်း(၂၅)တိုက်အား ဆန်တစ်အိတ်လျှင် (၆၀၀၀၀/-) ခြောက်သောင်းကျပ်နှုန်းဖြင့် ဆန်အိတ်(၉၂)အိတ်၊ တစ်ပိဿာ (၇၅၀၀/-)နှုန်းဖြင့် ဆီ(၃၀)ပိဿာ၊ တစ်ပိဿာ (၅၀၀၀/-)နှုန်းဖြင့် ကုလားပဲ(၃၀)ပိဿာ၊ တစ်ပိဿာ (၂၀၀၀/-)နှုန်းဖြင့် ကြက်သွန်နီ (၃၀)ပိဿာနှင့် တစ်ပိဿာ(၁၂၀၀/-)နှုန်းဖြင့်ဆား(၃၀)ပိဿာတို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)