အခြေခံစားသုံးဆီများ စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေး

ကျိုက်မရော ဖေဖေါ်ဝါရီ ၁၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပြည်သူများ အခြေခံစားသုံးကုန်ဆီများ စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မော်လမြိုင်မြို့ ဆီကုန်သည်ကြီးများအသင်းခွဲမှ ဆီ ၅၀ ကျပ်သားတစ်ဗူးလျှင် ၂၅၀၀ ကျပ်၊ ဆီနှစ်ဗူးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းက လူစည်ကားရာ မြို့မစျေးကြီးရှေ့၌ စျေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့အခြေခံစားသုံးကုန်ဖြစ်သည့် ဆီများအား ယခုလိုပြည်သူများထံ တစ်ပါတ်လျှင်တစ်ကြိမ် အသက်သာဆုံးစျေးနှုန်းဖြင့်လျှော့ချကာ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး စားသုံးဆီအပြင် အခြားမီးဖိုချောင်သုံး စားသောက်ကုန်များဖြစ်သည့် ပဲ၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်အနီ စသည့်စားသောက်ကုန်များကိုလည်း ပြည်သူများလက်ဝယ်အရောက် လာရောက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ အိမ်ရှင်မများအနေဖြင့် ယခုကဲ့သို့ ဆီဗူးများ၊ ကြက်သွန်များကို ယခင်စျေးထက် အများကြီးသက်သာစွာ ဝယ်ယူစားသုံးရပြီးဖြစ်၍ ဝမ်းသာနေကြပြီး ယခင်ရက်ပိုင်းက ကြက်သွန်နီမြစ်သားတစ်ပိသာလျင် ၄၀၀၀ ကျပ်ထိဝယ်ရပြီး ယခုရက်ပိုင်းအတွင်း အညာဒေသမှ ကားများဖြင့် ကြက်သွန်နီအသစ် တစ်ပိသာလျှင် ၁၅၀၀ ကျပ်ဖြင့် လာရောက်ရောင်းချသူများလာပြီး ဒေသခံပြည်သူများက ကြက်သွန်နီစျေးနှုန်း ကျဆင်းသွားမူအပေါ် ကျေနပ်ဝမ်းသာနေကြကြောင်း မြို့မစျေးအတွင်း ကုန်မျိုးစုံရောင်းချသူ ဒေါ်မာလာလွင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)