ပျဉ်းမနားမြို့၊ သာသနာ့ဝေပုလ္လကျောင်းတိုက်၌ (၂၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

ပျဉ်းမနား ဖေဖော်ဝါရီ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းအုပ်စု၊ တပ်ပိုးကျေးရွာ သာသနာ့ဝေပုလ္လကျောင်းတိုက်၊ ရန်မျိုးအောင်နဂါးရုံဘုရား၌  (ကမ္ဘာသူ/ကမ္ဘာသားအပေါင်းတို့ ကပ်ကြီးသုံးပါးဘေးမှကင်းဝေး၍ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံပါစေခြင်းအကျိုးငှာ) (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များက ပေါင်းတည်မြို့၊ သရက်ရှင်ပေါက်ကုန်းကျောင်း၊ ပြည်တော်အေးဆရာတော် ဘဒ္ဒန္တဝိမလမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညို ခဲ့ကြသည်။

ဆက်လက်၍ အလှူရှင် စေတနာရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပြည်တော်အေး ဆရာတော်ဘဒ္ဒန္တဝိမလ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆု‌တောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသော ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)