မြစ်ကြီးနား ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီက မိုးညှင်းတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။
မိုးညှင်းတက္ကသိုလ်၏ ပထမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ရှိ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘွဲ့ရလူငယ်မောင်မယ် များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဘွဲ့နှင်းအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပါမောက္ခချုပ်နှင့်အတူ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး မိုးညှင်းတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့(ရိုးရိုးဘွဲ့)ရရှိသူများနှင့် ဝီဇ္ဇာ/သိပ္ပံ(ဂုဏ်ထူးဘွဲ့)ရရှိသူ များအား ဘွဲ့အပ်နှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပါမောက္ခဌာနမှူးများက ဘွဲ့ရ ကျောင်းသား/ ကျောင်းသူများအား ပို့ဆောင်ပေးခဲ့ကြပြီး ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များကို အသီးသီးချီးမြှင့်အပ်နှင်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ဂုဏ်ဆောင်ပြယုဂ်တစ်ခုဖြစ်သည့် မိုးညှင်း တက္ကသိုလ်တွင် ပထမအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပနိုင်ခြင်းသည် အထူးပင်ဂုဏ်ယူဝမ်းမြောမိပါ ကြောင်း၊ ယနေ့ ဝိဇ္ဇာ/သိပ္ပံရိုးရိုးဘွဲ့များအပြင် ဝိဇ္ဇာ/သိပ္ပံဂုဏ်ထူးဘွဲ့များကို အပ်နှင်းသွားမည်ဖြစ် သည့်အတွက် ဘွဲ့ရလူငယ်မောင်မယ်များအနေဖြင့် အမိတက္ကသိုလ်၏ စေတနာ၊ မေတ္တာနှင့်နွေးထွေး မှုများကို အစဉ်သတိရလျက် လောကကောင်းကျိုး၊ အများပြည်သူကောင်းကျိုး၊ နိုင်ငံတော်အကျိုးအတွက် စွမ်းအားရှိသမျှပါဝင်ဆောင်ရွက်ကြမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ကြစေလိုကြောင်း ဂုဏ်ပြုပြောကြားပြီး ယင်းနောက် ပါမောက္ခချုပ်ဒေါက်တာမဉ္ဇူမင်းက ဘွဲ့နှင်းသဘင် မိန့်ခွန်းကို ဆက်လက်ပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့နယ်၊ နန့်လှိုင်ကျေးရွာသို့ သွားရောက်ပြီး နန့်လှိုင်ကျေးရွာအား ခေတ်မီစံပြကျေးရွာ (Smart Village)ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးရွာနေလူထုနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်ခဲ့ကြသည်။
အခမ်းအနားကို ကျေးရွာရတနာလှိုင်ခန်း၌ ကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နန့်လှိုင်ကျေးရွာနေ ပြည်သူများ၏ စည်းလုံးညီညွတ်မှု၊ မိမိတို့ရပ်/ရွာတိုးတက်မြင့်မားစေလိုမှုများကြောင့် ခေတ်မီစံပြကျေးရွာစီမံကိန်းရွာအဖြစ် ရွေးချယ်ပြီး ကျေးရွာပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း မိမိတို့ ရပ်/ရွာအတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းချိတ်ဆက်၍ ယခုကဲ့သို့ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းက ခေတ်မီစံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နန့်လှိုင်စံပြ ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရတနာလှိုင်စိုက်ပျိုးရေးနှင့် အထွေထွေသမ ဝါယမအသင်း(လီမိတက်)ဖွဲ့စည်းပြီး အသင်း၏လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်ထိရောက်စေရေး နည်းပညာပံ့ပိုးကူညီပေးနေမှုများကိုလည်းကောင်း အသီးသီးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချူပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့် ရတနာလှိုင်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း (လီမိတက်)အတွက် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေကျပ် သိန်း (၃၀၀)ကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာ နေပြည်သူများကိုယ်စား ကျေးရွာကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားနှင့် ကျေးရွာအတွက် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာအတွင်း လိုအပ်လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းပေးနိုင်ရေးနှင့် နမ္မတီး-နန့်လှိုင် ကျေးရွာချင်းဆက် တံတားပြုပြင်ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များကို ခင်းကျင်းပြသထား ရှိမှုများနှင့် အစားအသောက်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ ကြပြီး ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ သည်။
ဆက်လက်၍ အဆိုပါ ကျေးရွာအတွင်းရှိ စိုပြေဆန်စက်သို့သွားရောက်ပြီး ဆန်စက်လည်ပတ်နေမှုအခြေအနေများ၊ ဆန်ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ဖြန့်ဖြူးတင်ပို့နိုင်မှု အခြေအနေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ရင်းနှီးမတည်ငွေ ပံ့ပိုးကူညီပေးနိုင်မှု အခြေအနေများ၊ သမဝါယမအသင်းစုများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)