တာမွေ ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် ယနေ့(၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့)တွင် (၇၅)နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်၍ စိန်ရတုသို့ တိုင်ခဲ့လေပြီ။ ၁၉၄၈ ခုနှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့်အချိန်မှစ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားမှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုတို့ဖြင့် ထူးခြားသော ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့သည်။ နိုင်ငံတကာအခင်းအကျင်းတွင် ပြောင်းလဲမှုများ ရှိလင့်ကစား မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုတို့သည် ဆက်လက်နွေးထွေး နီးကပ်နေကြဆဲပင် ဖြစ်သည်။
ရုရှားနိုင်ငံ၌ မြန်မာကျောင်းသားပေါင်းများစွာ ပညာသင်ယူခဲ့ကြပြီး နောက်ထပ်ပညာသင်များစွာလည်း ပညာသင်ယူလျက်ရှိသည်နှင့်အတူ နှစ်နိုင်ငံအကြား အထူးကောင်းမွန်သည့် ပြည်သူအချင်းချင်း ဆက်သွယ်မှုများလည်း ရှိခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ခက်ခဲသော ကာလများတွင် အစဉ်တစိုက် ထောက်ပံ့ပေးမှုများလည်း ရှိခဲ့သည်။ နှစ်နိုင်ငံအဆင့်မြင့် အပြန်အလှန် ခရီးစဉ်များနှင့် နယ်ပယ်စုံ အဆင့်အသီးသီးတွင် ထိတွေ့ဆက်ဆံ၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှု ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ ၊ လူသားချင်း စာနာထောက်ထားမှုစသည်ဖြင့် နယ်ပယ်အသီးသီးတွင် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးရလဒ်ကောင်းကိုဖြစ်ထွန်းစေခဲ့သည်။ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့သည် ဒေသတွင်းနှင့် အာဆီယံ၊ အေဆမ်နှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများလည်းရှိခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂-ခုနှစ် စက်တင်ဘာလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေးနှင့်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုး စီးပွားအတွက် ပိုမိုမြှင့်တင်သွားရန် သဘောတူခဲ့ကြသည်။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းမှတ်တိုင်တစ်ရပ်ကို အမှတ်ရဖော်ကျူးရန် အခါသမယ တစ်ခုအဖြစ်သာမက နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်၍ အားသစ်လောင်းနိုင်မည့် အချိန်အခါတစ်ခုလည်း ဖြစ်သည်။ မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် ယခုတစ်နှစ်တာ ကာလပတ်လုံးနှစ်နိုင်ငံတွင် အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများလည်း ကျင်းပ သွားမည်ဖြစ်သည်။
ယခုကဲ့သို့ အရေးပါသည့် အခါသမယတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုခိုင်မာစေရန်နှင့် အာရှပစိဖိတ်ဒေသနှင့် ယင်းဒေသအပြင်ဘက် တည်ငြိမ်သာယာဝပြောရေးအတွက် အထောက် အကူဖြစ်စေပြီး ဘုံအကျိုးစီးပွားဖြစ်ထွန်းစေသည့် ကဏ္ဍစုံ၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်သွားရေးအတွက် ရုရှားနိုင်ငံအစိုးရနှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယနေ့(၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့)တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းလုံးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်များတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကဏ္ဍစုံ၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းဓာတ်ပုံများကို ပြသထားရာ လမ်းသွားလမ်းလာများ၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်