ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးကြိုတင်တားဆီးကာကွယ်လုပ်ငန်းများ စစ်ဆေးခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းများ လုပ်ငန်းများဆောင်ရွက်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ လမ်းမများဘေးတွင်ထားရှိသည့် အရေးပေါ်မီးသတ်ရေတိုင်နှင့် မြို့မစည်ပင်သာယာဈေးနှင့်ဈေးကြီးဝန်းကျင်တို့တွင် မီးဘေးကြိုတင်တားဆီးကာကွယ်ရေးအဖြစ်ထားရှိသည့် ရေကန်များ၊ ပိုက်များစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်တားဆီးကာကွယ်ရေးအတွက်  မီးသတ်ဦးစီးဌာနမှ သတိပေးစာနှင့်  ဖုန်းနံပတ်များချိတ်ဆွဲထားရှိခြင်းလုပ်ငန်းများကို၊ ဖေဖော်ဝါရီ(၁၈)ရက်နေ့ မွန်းလွဲ(၁) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်နိုင်လင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည်၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လမ်းမကြီးဘေးရှိအရေးပေါ်ရေသယ်ယူနိုင်ရန် ထားရှိသည့်မီးသတ်ရေပိုက်များ ရေပိုက်ခေါင်းအလွယ်တကူဖွင့်လှစ်ရရှိနိုင်ခြင်း ရှိ/မရှိနှင့် မီးသတ်ရေကန်များတွင် ရေရှိ/မရှိ၊ စည်ပင်သာယာအဖွဲ့ပိုင်ဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်ထားရှိသည့် ရေကန်များရေအပြည့်ပုံမှန်ထားရှိရေးနှင့် ရေစုတ်စက်များအလွယ်တကူအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ ဈေးအတွင်း/ဈေးအပြင် ဆိုင်ခန်းများနှင့် မြို့မစည်ပင်သာယာဈေး ဈေးခေါင်းကြီးရုံးပေါ်တွင် မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပတ်များ ချိတ်ဆွဲထားရှိခြင်း၊ဈေးဆိုင်များတွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး စစ်ဆေးအကြံပေးခြင်းများ‌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)