ဗန်းမော် စက်တင်ဘာ ၂၉
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) ဖြင့် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်တို့က ကိုဗစ် - ၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်တို့က ထောက်ပံ့ငွေများကို ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၁၁၉၁၆) စုအတွက် စုစုပေါင်း (၂၃၈၃၂၀၀၀၀) ကျပ်ကို တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)