ဘူးသီးတောင် ဖေဖေါ်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမနေ့မွန်းလွဲ(၂)နာရီအချိန်က ကျောင်းသား၊ကျောင်းသူ၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အန္တရာယ်များကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရှောင်ရှားနိုင်ရန်၊ အသိပညာ ဗဟုသုတများ ရရှိလာစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဂိမ်းကစားနည်းများ ကျင်းပဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ဘူးသီးတောင်မြို့နယ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးအောင်က လူငယ်အနာဂတ်လှပဖို့ မူးယစ်ဆေးဝါးရှောင်ရှားစို့ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများ၊ ဆေးဖြတ်ကုသနိုင်သည့်ဌာနများအား ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ စာကြည့်တိုက်သို့လာရောက်ကြသည့် စာဖတ်ပရိသတ်များနှင့် ကျောင်းသား၊ကျောင်းသူများအား ဟောပြောခြင်းဖြစ်ပြီး နွေရာသီကာလကျောင်းပိတ်ရက်ဖြစ်၍ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ပရိတ်သတ်ကျောင်းသား၊ကျောင်းသူ လူငယ်များဖြင့် စည်ကားလျက်ရှိရာ စကားပုံဆက်ပြိုင်ပွဲများ၊ ဂိမ်းကစားနည်းများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)