အလုံ စက်တင်ဘာ ၂၉
အလုံမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန် ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန် အတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကွင်းကျောင်းလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းပေါ်တွင် ဖြတ်သန်းသွား လာနေသော ယာဉ်များအား ရပ်တန့်စေပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အကြောင်းအရာအား မေးမြန်းခြင်း၊ စက်တင်ဘာလ (၂၄)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့ထိ ပြည်သူများ မိသားစု ကျန်းမာရေးနှင့်စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများမှ လွဲပြီး အကြောင်းမဲ့ပြင်ပထွက်ခွာ သွားလာခြင်း မပြုရန် ကြေညာချက်အား ပြည်သူများ သိရှိလိုက်နာရန် အသိပညာပေးခြင်းများကို ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို(အလုံ)