မိတ္ထီလာ၊ စက်တင်ဘာ ၂၉
မိတ္ထီလာမြို့နယ်၊ ဇောင်းချမ်းကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကုန်းကျေးရွာတွင် မြေအောက်ရေဖြင့် စိုက်ပျိုးလျက်ရှိသည့် ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြေအောက်ရေဖြင့် ခရမ်းပင်များကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ခရမ်းပင်များကို ဇွန်လ တတိယပတ်တွင် စိုက်ပျိုးထားရှိပါတယ်၊ ခရမ်းပင်များ စိုက်ပျိုးပြီဆိုရင် ရေကို ပုံမှန်ရေသွင်းပေးရပြီး မြေအနေအထားပေါ်မူတည်၍ ရေသွင်းပေးရပါတယ်၊ ရေခြောက်သွေ့တယ်ဆိုရင် တစ်ပတ်တစ်ခါ ရေသွင်းပေးရတယ်၊ အပင်အနေအထားပေါ်မူတည်ပြီး မြေသြဇာအနည်းငယ် ထည့်ပေးရတယ်၊ ခရမ်းပင်များ ပိုးကျလျှင် ပိုးကျသည့်အနေအထားပေါ်တည်၍ ပိုးသတ်ဆေးပက်ဖျန်းပေးရတယ်၊ ယခင်နှစ်က စိုက်ပျိုးသည့်ခရမ်ပင်များမှာ တစ်ပတ်လျှင် ခရမ်းသီး ပိဿာ ၅၀၀ ကျော်ထွက်ရှိသလို စျေးနှုန်းကလည်း တစ်ပိဿာ ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် အထွက်နှုန်းကောင်းပြီး စျေးနှုန်းများ ကောင်းမွန်သဖြင့် စီးပွားရေးတွက်ချေကိုက်ခဲ့ရာ ယခုနှစ် စိုက်ပျိုးထားရှိသော ခရမ်းစိုက်ခင်းမှ ထွက်ရှိမည့် ခရမ်းသီးများ အထွက်နှုန်းနှင့် စျေးနှုန်းကောင်းမွန်ရန် မျှော်လင့်လျက်ရှိကြောင်း တောင်သူ ဦးတင်စိုးက ပြောပြ၍ သိရသည်။
မြေအောက်ရေဖြင့် ခရမ်းပင်အပြင် တိုင်ထောင်ပဲပင်၊ ရုံးပတီသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော အသီးအနှံများကို မိတ္ထီလာစျေးသို့ သွားရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)