ရသေ့တောင်မြို့ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ရသေ့တောင်  ဖေဖော်ဝါရီ  ၁၈

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နေ့လည် ၁နာရီ အချိန်က ရသေ့တောင်မြို့ အရှေ့‌မြောက်ရပ်ကွက်ရှိ  သာသနာ့ရက္ခိတဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရပ်စွန့်ခွာသူများစခန်းတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြု စစ်ဆေးခြင်းနှင့် ဆီမီးလောင်မှုအားမီးသတ်ဆေးဘူးဖြင့်လက်တွေ့ မီးငြိမ်းသတ်ပြသခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ၊မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့်တပ်ဖွဲ့ဝင်များကလက် တွေ့သရုပ်ပြခြင်းနှင့်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။

ထိုသို့ သရုပ်ပြခြင်းနှင့်အသိပညာပေးရာတွင်မြို့နယ် မီးသတ်ဦးစီးမှူးဦးလူမော်က နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့်မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။

ထို့အပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ဟောပြောကြားခဲ့ကြကြောင်းသိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)