မိတ္ထီလာမြို့နယ် ရွာသာအေးကျေးရွာမှ အာဆီယံသပြေစိုက်ပျိုးသည့်တောင်သူများ အဆင်ပြေ

မိတ္ထီလာ၊  စက်တင်ဘာ ၂၉

မိတ္ထီလာမြို့နယ် ရှမ်းတဲကျေးရွာအုပ်စု ရွာသာအေးကျေးရွာတွင် အာဆီယံသပြေစိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရွာသာအေးကျေးရွာမှ ဒေသခံပြည်သူအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ ပဲမျိုးစုံတို့ကို စိုက်ပျိုးကြရာမှ ရာသီဥတု ကောင်းမွန်မှုမရှိ၍ သီးနှံများ အထွက်နှုန်း နည်းပါးသဖြင့် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်  တစ်ပိုင်တစ်နိုင် စီးပွားရေးဖြစ်သော အာဆီယံသပြေစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။ အာဆီယံသပြေစိုက်ပျိုးရာတွင် ရေကို အမြဲတမ်း  သွင်းစရာမလိုဘဲ ၁၅ ရက် တစ်ကြိမ် ရေသွင်းပေးရတယ်၊ အပင်ကြီးထွားဆေးနှင့် ပိုးမွှားကာကွယ်ဆေး များကိုလည်း အပင် အခြေအနေပေါ်မူတည်၍  ဆေးဖျန်းပေးရပါတယ်၊ အာဆီယံသပြေကို စိုက်ပျိုးပြီး၍ နှစ် နှစ်ပြည့်ပြီဆိုပါက ဘုရားပန်းအဖြစ် စတင် ရောင်းချနိုင်ပါတယ်၊ အာဆီယံသပြေကို စိုက်ပျိုးရာတွင် တစ်ကြိမ်စိုက်ပျိုးပြီးပါက (၁၀)နှစ်အထိ ပြန်လည်စိုက်ပျိုးစရာမလိုဘဲ အာဆီယံသပြေ ဘုရားပန်းများကို ရောင်းချနိုင်ပါတယ်၊ အာဆီယံသပြေ တစ်ဧကစိုက်ပျိုးခြင်းဖြင့် တစ်လလျှင် ငွေကျပ် သုံးသိန်းအထိ ဝင်ငွေရရှိသဖြင့် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါတယ်၊ ၎င်းအာဆီယံသပြေများကို ကျေးရွာအရောက် လာရောက် ဝယ်ယူသူများကို ရောင်းချသလို မိတ္ထီလာမြို့ပေါ်ရှိ စျေးများသို့လည်း ကိုယ်တိုင်သွားရောက် ရောင်းချလျက်ရှိကြောင်း  ရွာသာအေးကျေးရွာမှ အာဆီယံသပြေ စိုက်ပျိုး လျက်ရှိသည့် တောင်သူ ဦးတင်ဝင်းက ပြောပြ၍ သိရသည်။

ရွာသာအေးကျေးရွာမှ ဒေသခံတောင်သူများမှာ အာဆီယံသပြေဘုရားပန်းအပြင် ရေမွှေးပန်း၊ မေမြို့ပန်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)