ကွတ်ခိုင်မြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံများကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်

ကွတ်ခိုင် ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားချစ်ကြည်ရေး သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံများကို ကွတ်ခိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ် ပြသဆောင်ရွက်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျခင်းကျင်းပြသဆောင်ရွက်ခဲ့ပါသည်။ ယင်းမြေစိုက်နံရံ ကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ အစိုးရအချင်းချင်း နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနားဓာတ်ပုံများ၊ ရုရှားနိုင်ငံပိုင် ရုရှားရဟတ်ယာဉ် ကုမ္ပဏီများနှင့် အာကာသယာဉ်လွှတ်တင်ရေးစခန်းတို့ကို နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံအကြီးအကဲများ ကြည့်ရှုလေ့လာကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် နှစ်(၂၀)ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိပြီး ကျောင်းသား/သူများ၊ ရုံးသွားရုံးလာ အလုပ်သမားများနှင့် လမ်းသွားလမ်းလာ မိဘပြည်သူများက စိတ်ဝင်စားစွာ ဝင်ရောက်လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရှိရပါသည်။

ဌေးဌေး (ကွတ်ခိုင်)