ပူတာအို ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် မချမ်းဘော့-ကောင်းမှုလုံ-မန်နို-ပန်ဆပ်လမ်းပေါ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဇော်ကန်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်လျက်ရှိရာ ယခုအခါ လုပ်ငန်းစီမံကိန်း (၅၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အရှည်ပေ(၂၄၀)ပေရှိ ဇော်ကန်ချောင်းကူးသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း (ချဉ်းကပ်လမ်းအပါ) လုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၀၇၃.၅၂၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် Country Road Co.,Ltd ဆောက်လုပ်ရေးကုမ္ဗဏီက ၂၀၂၀-ခုနှစ် မေလ(၂)ရက်မှစတင် စီမံကိန်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ၂၀၂၃-ခုနှစ် မတ်လတွင် လုပ်ငန်းစီမံကိန်း ပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခင်က အဆိုပါ လမ်း၊ တံတားနေရာများတွင် မိုးတွင်းကာလ ရေကြီးရေလျှံချိန်တွင် ဖြတ်သန်းသွားလာရန် အလွန်ခက်ခဲသောနေရာဖြစ်ပြီး ၎င်းလမ်း တံတားစီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၁၀)ရွာ၊ အိမ်ခြေ(၃၆၂) အိမ်၊ လူဦးရေ(၁၉၇၃)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အတွက် များစွာ အထောက်အကူပြု လာမည်ဖြစ်သည်။ ထို့အပြင် ဒေသခံပြည်သူများ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသထွက်ကုန်များကိုလည်း မြို့ပေါ်သို့ အချိန်နှင့်တပြေးညီ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မချမ်းဘော့-ကောင်းမှုလုံ-မန်နို-ပန်ဆပ်-ဆထာလမ်းအရှည်(၂၁)မိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် လုပ် ငန်းစီမံကိန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း(၁)မိုင်၊ ၂၀၁၈-ခုနှစ် ပထမခြောက်လပတ် ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း(၄)မိုင် (၆)ဖာလုံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမာခံလမ်း(၁) မိုင်(၂)ဖာလုံနှင့် သံကူကွန်ကရစ်တံတား (၃)စင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း (၂)မိုင် (၁.၅)ဖာလုံ၊ အမာခံလမ်း(၂)မိုင်၊ ဘေလီတံတား(၃)စင်း၊ သံကူကွန်ကရစ်တံတား (၄)စင်း၊ ကွန်ကရစ်ရေပြွန် (၆)စင်း၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေး နှစ်တွင် အမာခံလမ်း (၀/၁.၅)မိုင်၊ သံကူကွန်ကရစ်တံတား (၅)စင်း၊ Box Culvert (၆)စင်း၊ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အမာခံလမ်း (၂)မိုင်တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သံကူကွန်ကရစ်တံတား (၁)စင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သံကူကွန်ကရစ်တံတား (၁)စင်း တည်ဆောက်ရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)