ချောင်းဆုံ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှု မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့က ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာတွင် ကျေးလက်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမှုများ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်လင်းဦးက ပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ထားသင့်သည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားလာပါက လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံ နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြခဲ့ကာ ပြည်သူများကလည်း လက်တွေ့ငြှိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါသရုပ်ပြပွဲကို မီးသတ် ဦးစီးဌာနဝန်ထမ်းများ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ချောင်းဆုံ(ပြန်/ ဆက်)