ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၅) သီရိမင်္ဂလာ အောင်ဇေယျာဘုန်းတော်ကြီးကျောင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးဟန်နှင့် ဦးသောင်းမြင့်သိန်းတို့က စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးမှုအခြေအနေ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီ၏ရှေ့လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ယခုကဲ့သို့တွေ့ဆုံပွဲကျင်းပ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလာရောက်ဆောင်ရွက်ပေးမှုအခြေအနေများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိဒေါ်အေးအေးခန့်က လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့်အချိုးကျ ကိုယ်စားပြု (Proportional Representation System-PR) စနစ် အကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်လျှပ်စစ်၊ဆည်မြောင်း၊ ကျေးလက်လမ်းဦးစီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ မြို့နယ်စည်ပင်အစရှိသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့်ပြည်သူများက ဒေသဖွံ့ဖြိုးရေး၊လမ်းပန်းဆက်သွယ်ရေး၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့် စာသင်ကျောင်းဆောင် တိုးချဲ့ဆောက်လုပ်ပေးလိုသည့်လုပ်ငန်းများ စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ စစ်ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရပ်ကွက်ကြီး (၁၅)မှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster ဆေးများထိုးနှံပေးခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် စည်ပင်သာယာရေးကိစ္စရပ်များ ၊ အိမ်ထောင်စုလူဦးရေစာရင်းကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ရပ်ကွက်ကြီး (၁၅) မှ ဒေသခံပြည်သူများစုစုပေါင်း (၁၂၀ ) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် [ခရိုင်(ပြန်/ဆက်)]