မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်

မောက်မယ် ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် ယမန်နေ့ညနေ ၃ နာရီခွဲက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း  ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရန် မီးဘေးသတိရှိရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ရပ်ကွက်/ကျေးရွာနေပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုစေရန်နှင့် မိမိအိမ်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ မိမိအိမ်နှင့် အိမ်ဥပစာအတွင်း ခွင့်ပြုချက်မရှိဘဲ လောင်စာဆီသိုလောင်ခြင်း၊ ရောင်းချခြင်း မပြုလုပ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ရေပုံးနှင့်မီးချိတ်မီးကပ်၊ မီးသတ်ဆေးဗူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအသုံးမပြုကြရန်၊ အိမ်တွင်လူမရှိသောအခါ လျှပ်စစ်မိန်းခလုပ်များ ပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထားရေး၊ မီးလောင်မှုများဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီ မီးငြိမ်းသတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ရပ်ကွက်များအတွင်း လှည့် လည် အသိပေး နှိုးဆောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်