မန္တလေး၊ စက်တင်ဘာ ၂၉
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင်များအတွက် သင်တန်းဖွင့်လှစ်ပို့ချမည့်နေရာအား ယမန်နေ့နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
သင်တန်းကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြား၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ အမှတ် (၁၇) အခြေခံပညာ အထက်တန်းကျောင်း၌ အောက်တိုဘာ၁ရက်မှ ၁၅ ရက်ထိဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သင်တန်းသားများအတွက် စီစဉ်ထားရှိသော အိပ်ဆောင်၊ စားသောက်ခန်းနှင့်သင်တန်းပို့ချမည့်နေရာများအား အောင်မြေသာစံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့်ကော်မတီအဖွဲ့ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စည်းကမ်းတကျနေရာချထားမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးကြခြင်း ဖြစ်သည်။ အဆိုပါသင်တန်းသို့ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် အောင်မြေသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင် (၉၂) ဦး တက်ရောက်ကြမည်ဖြစ်ပြီး အောင်မြေသာစံမြို့နယ်၌ တိုင်းဒေသကြီးမဲဆန္ဒ နယ် (၁) တွင် မဲရုံ (၅၁) ရုံ၊ တိုင်းဒေသကြီးမဲဆန္ဒနယ် (၂) တွင် မဲရုံ (၄၁) ရုံ၊ စုစုပေါင်းမဲရုံ (၉၂) ရုံ ရှိကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)