ဆွမ်ပရာဘွမ်မြို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်

ဆွမ်ပရာဘွမ်   ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ယာဥ်ကြီး၊ ယာဥ်ငယ်မောင်းနှင်သူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်မှုလုပ်ငန်းကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က (ကဘရန်ခူး)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ဆွမ်ပရာဘွမ်မြို့(မြို့မ) ရပ်ကွက်ရှိ ရဲတပ်ဖွဲ့ရုံးမှ မြို့နယ်ယာယီရဲမှူးဝင်းဇော်ဦးဆောင်ကာ မြို့တွင်းပြည်ထောင်စုလမ်းမကြီးတွင် ဖြတ်သန်း သွားလာလျက်ရှိသော ကုန်တင်ယာဥ်ကြီးနှင့် ခရီးသည်တင်ယာဥ်ငယ်မောင်းနှင်သူများအား ယာဥ်အန္တရာယ် ကင်းရှင်းစေရန် ယာဉ်များကို အသိ၊ သတိဖြင့် မောင်းနှင်ကြရန်၊ ကုန်တင်ယာဥ်ကြီးများ ကုန်ပစ္စည်းများကို အဆမတန် တင်ဆောင်ခြင်းမပြုရန်၊ ယာဥ်များကို သတ်မှတ်ထားသော မိုင်နှုန်းထက် စည်းကမ်းမဲ့မောင်းနှင်ခြင်းမပြုရန်စသည့် အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ယာဥ်ကြီး၊ ယာဥ်ငယ်မောင်းနှင်သူများယာဥ် အန္တရာယ်ကင်းရှင်းစေပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်လျက် ဖေဖော်ဝါရီလကုန်အထိ အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ယာယီရဲမှူး ဝင်းဇော်ထံမှ သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)