ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ  ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၁)နာရီက ကျိုင်းတုံမြို့ သီလဓမ္မ ကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘန္တဒ္ဒဆရာတော် ဦးကောဝိဒ (ဝစီပိတ်ဆရာတော်)အား သွားရောက်ဖူးမျှော်ကြည်ညိုကာ နေ့ဆွမ်းဆက်ကပ်၍ ဆရာတော်အား လှူဖွယ်ဝထ္ထုပစ္စည်းနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

၎င်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ (၁၅)ရက် မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အဖွင့်အမှာစကား​ပြောကြားရာ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဌာနက အထက်မှညွှန်ကြား ချက်များရှိသလို လုပ်ငန်းဆောင်ရွက်မှုတွင် အခက်အခဲရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများကို တင်ပြ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်​ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း လုပ်ငန်းတစ်ခု ဆောင်ရွက်ရာတွင် မိမိဌာနဖြင့် ဆောင်ရွက်ရန်ရှိသလို  အချို့အကြောင်းအရာများသည် ဌာနဆိုင်ရာများနှင့် ဆက်စပ်၍ ပေါင်းစည်းပြီး ဆောင်ရွက်ရသည်များရှိပါကြောင်း၊ အချို့အကြောင်းအရာများ မဆောင်ရွက်နိုင်ပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အချိန်မီတင်ပြပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြန့်ကြာနေသော လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးအနေအထားအရ ကန့်သတ်ချက်များရှိသော်လည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပါက ဌာနတစ်ခု၏ လုပ်ငန်းများအောင်မြင်မှုရရှိသလို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ရည်မှန်းချက်နှင့် တာဝန်များ အကောင်အထည်ဖော် အောင်မြင်မှုများ ရရှိမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့် လုပ်ငန်းများ ပြီးစီးမှုနှင့်ဆောင်ရွက်ရန် ကျန်ရှိမည့်လုပ်ငန်းများ၊ အခက်အခဲရှိ၍ ကျန်နေသည့် လုပ်ငန်းများကို ရှမ်းပြည်နယ် အစိုးရအနေဖြင့်မည်ကဲ့သို့ ဖြေရှင်းပေးရမည်ကို ပြောကြားလိုကြောင်း၊ လုပ်ငန်းရှင်များ ဆောင်ရွက်ရန်အတွက် မြေပြင်မျက်မြင် လာရောက်ကြည့်ရှုရခြင်းဖြစ်ကြောင်း၊ ဘဏ္ဍာရေးအရ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အချို့ကိစ္စရပ်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားရေးကဏ္ဍတွင် အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ တက္ကသိုလ်၊ ကောလိပ်တို့ကို ပစ်ထား၍ မရကြောင်းနှင့် စဥ်ဆက်မပြတ် ကြည့်ရှုဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်၊ မြို့နယ်များကို သွားရောက်ကာ ဒေသလိုအပ်ချက်တင်ပြချက်များကို နားထောင်၍ ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မဆောင်ရွက်နိုင်သည့် ကိစ္စရပ်များရှိပါက ၂၀၂၃-၂၀၂၄ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်နိုင်အောင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်မှ ဒေသဆိုင်ရာ အချက်အလက်များဆွေးနွေးတင်ပြပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြကြ၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက  လိုအပ်သည်များအပေါ် ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (ပြန်/ ဆက်)