မိုးညှင်း ဖေဖော်ဝါရီ ၁၆
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးညှင်းခရိုင်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ယမန်နေ့ ညနေ(၅)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးတင်ရှိန်က ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မိုးညှင်းခရိုင်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်လင်းက လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားကာ ပြည်နယ်ဝန်ကြီးက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများအမြန်ဆုံး ဆောင်ရွက်ပြီးစီးနိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်သည် အစည်းအဝေးခန်းမတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုထမ်း/ အရာထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းများမှ တစ်ဦးချင်းအလိုက် မိတ်ဆက်ပြောကြားပြီး ပြည်နယ်ဝန်ကြီးက ဝန်ထမ်းများအား စည်းလုံးချစ်ခင်စွာဖြင့် ကြိုးစားအားထုတ်ကြရန်၊ ဒေသခံပြည်သူများနှင့် သဟဇာတဖြစ်ပြီး ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ကြရန်နှင့် မိမိမြို့နယ်ဖွံ့ဖြိုး သာယာလှပစေရေးအတွက် အားတက်သရော ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လျှစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်၊ ခရိုင်လျှပ်စစ်ဦးစီးမှူး ဦးသန်းထိုက်ဦး၊ ခရိုင်/မြို့နယ်အလိုက် ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကြိုးစားအားထုတ်ဆောင်ရွက်ကြစေရေး တိုက်တွန်းအားပေးပြောကြားကာ ဝန်ထမ်းများ၏ အခက်အခဲ၊ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက ခရိုင်/မြို့နယ် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများသည် အုတ်ကျင်ရပ်ကွက်အတွင်း ကျောက်မျက်ရတနာ အသေးစား ရောင်းဝယ်ရေးစင်တာသို့ သွားရောက်ပြီး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာ တာဝန်ခံ ဦးထွန်းလင်းဦးက ကျောက်မျက်ရတနာ အရောင်းဆိုင် ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများ၊ အရောင်းဆိုင် ဖွင့်လှစ်ရောင်းချသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)