ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ဒလ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိ ပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show)ကို ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးလုံခြုံရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံ၊ အဆောက်အဦးအရွယ်အစားအလိုက် ထားရှိရမည့် မီးသတ်ဆေးဗူးအရေအတွက်၊ လျှပ်စစ်ဝါယာရှော့ဖြစ်ပွားပါက သုံးစွဲရမည့် မီးသတ်ဆေးဗူးအမျိုးအစား၊ အီလက်ထရောနစ် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ဝါယာရှော့ ဖြစ်ပွားပါက သုံးစွဲရမည့် မီးသတ်ဆေးဗူး အမျိုးအစားနှင့် မိမိတို့ မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ် တက်ဆင်း လိုက်လံ စစ်ဆေးအကြံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒလမြို့နယ်ရုံးအနေဖြင့် အသိပညာပေး (Talk Show)များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း အားကစား လှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု (Talk Show) အပြည့်အစုံကိုလည်း We Love Dalla Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဇော်(ပြန်ဆက်)