ညောင်ဦး ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူမှု စတင်ကပ်လှူတော်ပြီး ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
ဗူးဘုရားစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကပ်လှူပူဇော်ခဲ့ကြပြီးကြောင်း သိရသည်။ ဗူးဘုရားသည် ပုဂံရာဇဝင်တွင် ပျူစောထီးမင်း၏ အကြောင်းအရာတွင် ပါဝင်သော ပုဂံပြည်တွင် ရှူးပျံ၊ ဗူး၊ ဝက်၊ ကျားနှင့်ငှက်ကြောင့် ပျက်လုဘနန်းဖြစ်ခဲ့ရသော ရန်သူကြီးငါးဦးအနက် အပါအဝင် ရန်သူဗူးပင်ကြီးကို နှိမ်နင်းသောနေရာတွင် ကျား၊ ရှူး၊ ဗူး၊ ဝက်၊ ထီးလိုင်ငှက်ကိုနှိမ်နင်းသော ပျူစောထီးမင်း၏ ကောင်းမှုဗူးဘုရားဖြစ်ပေါ်တည်ထားကိုးကွယ်ခဲ့ကြောင်း ဗူးဘုရားဂေါပကဥက္ကဋ္ဌမှရှင်းပြသည်။
ဗူးဘုရားစေတီတော်ကြီး ရွှေထီးတော်နှင့်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရာသို့ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူမည့် ရွှေဆိုင်း (၅၂၀)ဆိုင်း၊ ရွက်ရေ (၁၀၀) ပါမျက်ပါးရွှေ(၁)ဆိုင်းလျှင် တစ်သိန်းတစ်သောင်းကျပ်၊ ရွှေပြား(၁၀)ပြားလျှင် တစ်သောင်း တစ်ထောင်ကျပ်၊ ရွှေပြား(၅)ပြားလျှင် ငါးထောင်ငါးရာကျပ်၊ ရွှေပြားတ(၁)ပြားလျှင် တစ်ထောင် တစ်ရာကျပ်ဖြင့် သဒ္ဒါကြည်လင်ပါရမီရှင်များမှ ဖော်ပြပါရွှေဆိုင်း ဈေးနှုန်းများအတိုင်း လှူဒါန်းပူဇော်နိုင်ပါကြောင်းနှင့် မျက်ပါး ရွှေဆိုင်းများကိုလည်း မိမိကိုယ်တိုင် ဝယ်ယူလှူဒါန်းနိုင်ကြောင်း သိရသည်။
ဒီပါလင်း