ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်ထားရှိသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများသို့ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ရန်ကုန် တောင်ပိုင်း ခရိုင်မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒေါက်တာ မေသူမြင့်၊ ဒေါက်တာ မိုးမိုး၊ တောင်ပိုင်းခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စုစုလှိုင်နှင့် မြို့နယ်ဌာန ဆိုင်ရာ များမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စခန်းများဖြစ်သော အ.ထ.က(၄)၊ အ.ထ.က(၂) နှင့် အ.မ.က(၇) စာသင်ကျောင်းများသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ညီညွတ်မှု ရှိမရှိ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခြေအနေ၊ စားရေး၊ နေထိုင်ရေး စီမံ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြံပြု လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဒလမြို့နယ်၌ စောင့်ကြည့်ရေးစခန်း ၁၂ ခုတွင် စက်တင်ဘာ ၂၇ ရက်နေ့ စာရင်းများအရ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံရသူ စုစုပေါင်း ၅၇၄ ဦး၊ စောင့်ကြည့်ရေးစခန်း ၂၀ ခုထိ ဖွင့်လှစ်ထားရှိပြီး ထပ်မံ၍ စောင့်ကြည့်ရေးစခန်း ၁၂ ခု တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ရာ၊ စုစုပေါင်း စောင့်ကြည့်ရေးစခန်း ၃၂ ခုတွင် လူဦးရေစုစုပေါင်း ၁၇၇၅ ဦးခန့်အတွက် နေထိုင် စားသောက်မှုနှင့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးထံမှ သိရသည်။
လက်ရှိအချိန်တွင် အ.မ.က(၇) အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် သံသယလူနာ ၈ ဦး၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက်ရှိ ၆ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦး သစ်တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် သံသယလူနာ ၂၉ ဦး၊ စုစုပေါင်း ၃၇ ဦး ထိရှိကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)