ရှားတော စက်တင်ဘာ ၂၈
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ် ကုသနိုင်ရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ လူသွား လူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသော လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒေါ်ရီရီချို ဉီးဆောင်၍ မြိုနယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် လမ်းပေါ်တွင် သွားလာနေသော ပြည်သူများအား မိမိတို့ နေအိမ်ပြင်ပကို ထွက်ခွာ သွားလာပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးပြီး Mask တပ်ဆင်ခြင်း မရှိသော ပြည်သူများအား Mask (၂) ခုကို ငွေကျပ် (၁၀၀၀) နှုန်းဖြင့် ချက်ချင်း ဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)