ကျောက်တန်း စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် လက်ရှိအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ(၄၅)ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၊ မိုးလုံလေလုံအားကစားရုံ၊ အထက(ခွဲ) အေးမြသီတာကျောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူ( Primary Contact )များ ထားရှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် မူလွန်ကျောင်း ဆင်ကန်ရပ်ကွက်နှင့် အထက မြိုင်သာယာ ကျောင်းတို့တွင်လည်း Quarantine Centre အဖြစ် ထားရှိနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျှက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းလတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီ တားဆီး ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိမှုနှင့် ၊ သောက်ရေ/သုံးရေရရှိရေး ၊ လျှပ်စစ်မီးအဆင်ပြေရေးနှင့် အခြား လိုအပ်ချက်များ မရှိအောင် စနစ်တကျ စီစဉ်ဆောင်ရွက်မှုများအား ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ Quarantine Centre အဖြစ် တိုးချဲ့ဆောင်ရွက်ထားရှိမည့် မူလွန်ကျောင်း ဆင်ကန်ရပ်ကွက်တွင် အခန်း(၇) ခန်းပြင်ဆင်းထားပြီး လူဦးရေ(၃၅)ဦး ထားရှိနိုင်မည် ဖြစ်ကြောင်း၊ အထက မြိုင်သာယာ ကျောင်းတွင် အဆောင်(၅) ဆောင် ပြင်ဆင်ထားပြီး လူဦးရေ (၂၀၆) ဦး ထားရှိနိုင်မည်ဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းလတ် က ပြောကြားသည်။
ကျောက်တန်းမြို့နယ်တွင် ယခုလက်ရှိအချိန်ထိ Quarantine Centre (၅) ခုထိ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)