မိတ္ထိလာခရိုင် မလှိုင်မြို့နယ်၌ ကောင်းမွန်သော တိရစာ္ဆန်မွေးမြူရေးကျင့်စဉ် (GAHP) သင်တန်းဖွင့်လှစ်

မိတ္ထီလာ ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကောင်းမွန်သော တိရစာ္ဆန်မွေးမြူရေးကျင့်စဉ် (GAHP)  သင်တန်းကို ယမန်နေ့က သရက်ကန်ကျေးရွာ ဓမ္မရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးကောင်းသော တိရစာ္ဆန်ထွက်ပစ္စည်းများ ထုတ်ယူရရှိနိုင်စေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ တိရစာ္ဆန်သက်သာချောင်ချိရေး လိုက်နာဆောင်ရွက် လာနိုင်စေရန်နှင့် ထုတ်လုပ်မှုတိုးတက်လာပြီး ဝင်ငွေပိုမိုရရှိလာစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျေးရွာများတွင် ကောင်းမွန်သော တိရစာ္ဆန်မွေးမြူရေးကျင့်စဉ် သင်တန်းများ နှစ်စဉ်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများက လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် Good Animal Husbandry Praciticesဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ၎င်းသင်တန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ဝမ်ဘဲလူးကျေးရွာအုပ်စု သရက်ကန် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)