ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်မှူး ဦးကျော်သူဇော်သည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဝန်ထမ်းများနှင့်လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က မိမိဝန်ထမ်းများ၏ ဌာနအပေါ် သစ္စာစောင့်သိစွာနှင့် တာဝန်ထမ်းဆောင်နေမှုများကို အသိအမှတ်ပြုပါကြောင်း၊ မိမိတို့ဌာန ဝန်ထမ်းများသည် ပြည်သူတွေနှင့် အမြဲတမ်းထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများဖြစ်ပါကြောင်း၊ မိမိဌာနမှ ကျင့်သုံးသည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်စေရန်သာမက ပြည်သူများ၏ ယုံကြည်လေးစားထိုက်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုပါကြောင်း ရှင်းလင်း မှာကြားခဲ့သည်။
တွေ့ဆုံပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့် ရုံးဝန်ထမ်းများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းများအား စားသောက်ဖွယ်ရာနှင့် မုန့်ဖိုးငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)