(၆၁)ကြိမ်မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ  ၁၆

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၆၁)ကြိမ်‌မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်၊ ပဓာနနာယက (အဘိဓဇမဟာရဌဂုရု) အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူပြုသော ဆရာတော်ကြီးများ၊ စာအောင် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ သာသနာရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ဧည့်ပရိတ်သတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်၊ ပဓာနနာယက (အဘိဓဇမဟာရဌဂုရု) အဘိဓဇအဂ္ဂမ လဟာသဒ္ဒမ္မဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်၊ ပဓာနနာယက (အဘိဓဇမဟာရဌဂုရု) အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသမဟာထေရ်မြတ်က သမ္မောဒနီယဿရဏီယ ဩဝါဒကထာဖတ်ကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် ဓမ္မစရိယ၊ ပါဠိပထမပြန်၊ နိကာယ်စာမေးပွဲအထူးအောင်သံဃာတော်များ၊ သီလရှင်များနှင့် အဘိဓမ္မာ၊ ဝိသုဒိ္ဓမဂ်အထူးအောင်ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အောင်လက်မှတ်များ ဆက်ကပ်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ သီဟိုဠ် ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက(အဂ္ဂမဟာပဏ္ဍိတ) ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရမဟာထေရ်မြတ်ထံမှဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်း တော်မူပြီး စာအောင်သံဃာတော်များအား အစီအစဉ်အတိုင်းပင့်ဆောင်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့လက်မှတ်များ ဆက်ကပ်လှူ ဒါန်းကြသည်။

ယနေ့ ကျင်းပသည့် (၆၁)ကြိမ်မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားသို့ စာအောင် သံဃာတော် (၂၆၉)ပါး၊ သီလရှင်(၃၀)ပါး၊ လူပုဂ္ဂိုလ်(၉)ဦး စုစုပေါင်း (၃၀၉)ပါး/ဦး ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)