ကျိုင်းတောင်းမြို့တွင် ဒေသထွက်ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကျိုင်းတောင်း ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ ဒေသထွက်ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန် ဖြူစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

“ ကြက်သွန်ဖြူကို ဆောင်းရာသီအတွင်း စိုက်ပျိုးထားသော်လည်း ရာသီဥတုအခြေ အနေနှင့် ကျွဲ၊ နွားများ ဝင်ရောက်မှုကြောင့် ပျက်စီးခဲ့ရလို့ ပြန်လည်စိုက်ပျိုးထားရခြင်းကြောင့် မရိတ် သိမ်းနိုင်သေးပေမဲ့လည်း ထပ်မံ၍ထိုးချဲ့စိုက်ပျိုးထားတယ်။ မီးဖိုချောင်သုံးအတွက် မရှိမဖြစ် လိုအပ်သည့်အတွက် ထိုးချဲ့စိုက်ပျိုးထားတာပါ။ ယခင်နှစ် ဒေသပေါက်စျေးကတော့ တစ်ပိဿာကို ကျပ် ၂၀၀၀ မှ ၃၀၀၀ ထိရခဲ့တယ်။ ယခုနှစ် ဒေသပေါက်စျေး တစ်ပိဿာကို ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိ ကြားရလို့ ဝမ်းသာမိတယ်”ဟု ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

ကျိုင်းတောင်းမြို့ ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူများက နမ့်စန်အဝယ်ဒိုင်နှင့် ခိုလမ်အဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)