Stay at Home ကာလ၌ လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်သို့ ထွက်ခွာသွားလာမှုနည်းပါး

လှည်းကူး စက်တင်ဘာ ၂၈

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (Stay at Home) သတ်မှတ်ထားသော မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သူ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် စက်တင်ဘာ(၂၄)ရက်နေ့မှ အောက်တိုဘာ (၇)ရက်နေ့ထိ မိမိနေအိမ်တွင် သာနေထိုင်သွားစေရန် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များတွင် ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ပါဝင်ပြီး မြို့နယ် အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော အဓိကမိန်းလမ်းမကြီးနှင့် မြို့တွင်းနေရာများတွင် ယာဉ်အသွားအလာနှင့် ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာလာမှု မရှိသလောက် နည်းပါးလာကြောင်း တွေ့ရှိရသည်။

လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ဓါတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရပြီး ခရီးသွားရာဇဝင် မရှိသည့် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု များပြားလာခြင်းတို့ကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက် စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် Stay at Home အစီအစဉ်တွင် ပူးပေါင်းပါဝင်လျက်ရှိပြီး မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ပြည်သူများ အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်(၈)ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ကြစေရန်၊ ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေ့စဉ်အသံချဲ့စက်များဖြင့် အသိပညာပေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အရင်က လှည်းကူးမြို့နယ်အတွင်း လူစည်းကားတဲ့နေရာတွေဖြစ်တဲ့ ဈေး၊ လှည်းကူး တာဆုံမီးပွိုင့် စသည့်နေရာတော်တော်များများမှာ  ယခုဆိုရင် မော်တော်ယာဉ်နှင့် လမ်းသွားလမ်းလာ ပြည်သူတွေ မရှိသလောက် နည်းပါးလာပါတယ်။ ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှုနှုန်းမြင့်မားနေတဲ့ကာလမှာ ဈေး၊ စက်ရုံ၊ အလုပ်ရုံတွေပိတ်ထားတဲ့အတွက် လူစုလူဝေးလည်း မဖြစ်တော့ ရောဂါကူးစက်မှုလည်းနည်းပါးလာတာပေါ့၊ လိုအပ်လို့ ဈေးဝယ်ထွက်တဲ့ အခါမျိုးတွေမှာလည်း တစ်အိမ်လျှင်(၁)ယောက်ဘဲ ဈေးထွက်ဝယ်ရတော့ မိသားစု အတွက် ရောဂါကူးစက်မှာသိပ်ပြီး မစိုးရိမ်ရတော့ဘူး၊ ယခုဆိုနေ့ဘက်မှာ မော်တော်ယာဉ် နှင့် လမ်းသွားလမ်းလာပြည်သူတွေ မရှိသလောက်နည်းပါးလာပါတယ်၊ အလားတူ ညအချိန်အခါမျိုးတွေမှာလည်း မော်တော် ယာဉ်နှင့် လမ်းသွားလမ်းလာ ပြည်သူတွေဟာ ထွက်ခွာလာမှုမရှိသလောက် နည်းပါးနေပြီး  Stay at Home အဖြစ်နေအိမ်မှာ နေထိုင်ကြပြီးတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်လင်း(လှည်းကူး)