မိုင်းခုတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းခုတ် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စခတ (၃)မှ ဗိုလ်မှူးကြီး ဇော်မြင့်ဦး၊ ကပစ(၁၀)မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုန်းတင့်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်မှူးကြီး ဇော်မြင့်ဦး၊ ဒုတိယဗိုလ်မှူးကြီး စိုင်းအုန်းတင့်တို့မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့အုပ်ချုပ် ရေးမှူး ဦးလှိုင်ကျော်သူက ဒေသဆိုင်ရာအချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လိုအပ်ချက်များအား တင်ပြကြရာ သက်ဆိုင်ရာတာဝန် ရှိသူတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဗိုလ်မှူးကြီး ဇော်မြင့်ဦး၊ ဒုတိယဗိုလ်မှူးကြီး စိုင်းအုန်းတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအားလွန် နှင့် တာဝန်ရှိသူတို့က အမှတ်(၁)ရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှုအခြေအနေများနှင့် မြို့ပြည့်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူတို့က  လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)