ရန်ကုန် တောင်ပိုင်းခရိုင် တံတားမြို့တွင် Stay At Home အစီအစဉ်အရ ယာဉ်နှင့် လူအသွားအလာ နည်းပါး

တံတား   စက်တင်ဘာ   ၂၈

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကိုကိုးကျွန်း မြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအားလုံး မိမိအိမ်တွင်သာ နေထိုင်ကြရန် အကျုံးဝင်ကြောင်း ထုတ်ပြန်ထားမှုကြောင့် ရန်ကုန် တောင်ပိုင်း ခရိုင် တံတားမြို့တွင် ယနေ့ နေ့လည်ပိုင်း၌ ယာဉ်နှင့်လူအသွားအလာ နည်းပါးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ဓာတ်ခွဲအတည်ပြု လူနာများပြားလာမှုကြောင့် ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက်  ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ညွှန်ကြားချက်အရ စက်တင်ဘာလ (၂၈) နေ့မှ စတင်၍ နံနက်(၅) နာရီမှ (၁၀) နာရီ အတွင်း မဖြစ်မနေဈေးဝယ်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာသွားရောက်ရန်၊ မဖြစ်မနေ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်၊ တာဝန် ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြု ထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ လိုအပ်ချက်အရ အခြား မြို့နယ်များသို့ ဖြတ်ကျော်သွားလာမည်ဆိုပါက  QR Pass ကိုင်ဆောင်သွားကြရန်၊ နိုင်ငံ့ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ မှအပ  အပြင်သို့ မထွက်ကြရန်၊ လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း လိုက်လံ နှိုးဆော်ထားမှု ကြောင့် တံတားမြို့နေ ပြည်သူများအနေဖြင့် အသွားအလာ နည်းပါးမှုကို တွေ့ရှိရကြောင်း သိရသည်။

တင်နိုင်ဝင်း(တံတား)