တောင်သာမြို့နယ် တဲကြီးကုန်းကျေးရွာ၌ ကွန်ကရစ်လမ်းပြီးစီး၍ လုပ်ငန်းလွှဲပြောင်းအပ်နှံမှု အခမ်းအနားကျင်းပ

တောင်သာ ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာလူထုပူးပေါင်းပါဝင်သောစနစ်ဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် တဲကြီးကုန်းကျေးရွာ ရွာတွင်းလမ်းများ ကွန်ကရစ်ခြင်းလုပ်ငန်းများ ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သဖြင့် လုပ်ငန်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သဖြင့် အသိမှတ်ပြုဂုဏ်ယူပါကြောင်း၊ အားလုံးကဝိုင်းဝန်းထိန်းသိမ်းဖို့လိုကြောင်း၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အားရှင်းလင်းခဲ့ပြီး အမှိုက်ပုံးထားရှိပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ယင်းနောက် ရပ်မိရပ်ဖ ဦးလှသောင်းက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပုံနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီက လမ်းကော်မတီထံသို့ လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာအား လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ဆောင်ရွက်ထားသောလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တဲကြီးကုန်းကျေးရွာ ရွာတွင်းလမ်းများ ကွန်ကရစ်ခြင်းလုပ်ငန်းကို ခန့်မှန်းခြေတွက်ချက်မှုအရ အလျားပေ ၅၂၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မဖြင့် ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း ပြည်သူလူထု၏ ထပ်မံထည့်ဝင်ငွေများဖြင့် အလျားပေ ၁၇၀၀ ခန့်ပြီးစီးခဲ့ကြောင်း၊ ယင်းလုပ်ငန်းကို စီမံကိန်းရန်ပုံငွေ သိန်း ၁၀၀ ပြည်သူလူထုထည့်ဝင်ငွေ သိန်း ၃၀ အပြင် ကျောက်အလှူရှင်များ၊ သဲအလှူရှင်များဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပြီး ယင်းလုပ်ငန်းများအားလုံး ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးနိုင်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်