Stay at Home ကာလအတွင်း ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် လူနှင့်ယာဉ်များ သွားလာမှု နည်းပါး

ရန်ကုန် စက်တင်ဘာ ၂၈

 

ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိ လူနာများပြားလာပြီးနောက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်တွင် (ကိုကိုကျွန်း)မြို့နယ်မှအပ ရန်ကုန် တိုင်းဒေသကြီးအား Stay at Home အစီအစဉ် စတင်ကြောင်း စက်တင်ဘာ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ရန်ကုန်မြို့၌ အဓိကလမ်းမကြီးများ တစ်ချို့တွင် ယာဉ်အသွားအလာနှင့် လူအသွားအလာရှင်းလင်းနေသည်ကို တွေ့မြင်ရသည်။

ယနေ့တွင် ရန်ကုန်မြို့ လူစည်ကားရာနေရာများဖြစ်သော ဒဂုံမြို့နယ်ရှိ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်ရှိ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်ရှိ ဆူးလေဘုရားလမ်း၊ ကမာရွတ် မြို့နယ်ရှိ အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်ရှိ ပြည်လမ်းမကြီးများပေါ်တွင် စျေးရောင်း၊ စျေးဝယ်သူများနှင့် မဖြစ်မနေသွားလာနေသူများမှအပ လူနှင့်ယာဉ်များ သွားလာလှုပ်ရှားမှု နည်းပါးလျက်ရှိကြောင်း တွေ့ရှိရသည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူများကို တတ်နိုင်သမျှ အိမ်အပြင်မထွက်ကြရန်နှင့် မဖြစ်မနေ ဆောင်ရွက်ရမည့်ကိစ္စများမှလွဲ၍ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခြင်းမပြုဘဲ မိမိ၏ နေအိမ်၌ နေထိုင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလမ်းညွှန်ခဲ့သဖြင့် ပြည်သူများ အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ သတိပေးနိုးဆော်ခြင်းအပေါ် လေးစားလိုက်နာ၍ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)