မိုးနဲ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆိုင်းဖယ်ကျေးရွာအုပ်စု ဟိုတိဘုန်းတော်ကြီးကျောင်း ဓမ္မာရုံစုရပ်နေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့မှ လက်ရှိဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ သိရှိစေရန်တွေ့ဆုံပွဲ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က နယ်မြေဒေသအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကိုပြောကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ကိုထွန်းက ဒေသလုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ လှည့်ခင်းပတ်ကာ ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း လူစိမ်းများ ကျေးရွာတွင်းဝင်ရောက်လာပါက အကြောင်းကြားပေးကြရန်လိုကြောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က မိုးနဲမြို့နယ်တွင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ်မရှိစေရေး၊ မှုခင်းကျဆင်းစေရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးကုဌာနတို့မှ ၎င်းတို့၏ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပေးခဲ့ကြရာ ဆိုင်းဖယ်ကျေးရွာအုပ်ချုပ်ရေးမှူးက ရှမ်းဘာသာဖြင့် ထပ်ဆင့်ပြောကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာ စစ်ကြောင်းကြီး (၅) ကြောင်းအပြင် ဒေသခံပြည်သူ စုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများက ၎င်းတို့သိလို့သည့်အချက်များ ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်းသိရသည်။
ဇင်ကိုကို (ပြန်/ဆက်)