မော်လမြိုင် ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့န့နက်ပိုင်းက မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာများ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး လုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၃၃ )၏ ရည်မှန်းချက် (၃)ရပ် အနက်တစ်ရပ်မှာ “အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေး ပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်” ဟူ၍ပါဝင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအနေဖြင့် အမျိုးသားအဆင့် လုပ်ငန်းစီမံ ချက်၏ ပထမ(၅)နှစ် စီမံချက် (၂၀၁၉-၂၀၂၃) ခုနှစ်အထိတွင် “အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန်၊ ကလေးသူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကိုသင့်တော်သော အလုပ်အကိုင်ရရှိစေရေး ဆောင် ရွက်ပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းများအတွက် ထိရောက်သင့်လျော်သော ဘက်ဂျက်ငွေ တင်ပြအသုံးပြုခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသော ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း” တို့ကို တာဝန်ခံ၍ တာဝန်ယူဆောင်ရွက်ပြီး၊ မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကလေးအလုပ်သမားများ လျော့နည်းပပျောက်လာစေရန်သက်မွေးဝမ်းကြောင်းသင်တန်းများဖွင့်လှစ် ပို့ချပေးပြီး သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ လူငယ်သင်တန်းကျောင်းမှ ကျောင်းသားလေးများ၏ မြန်မာ့သိုင်း ၆၃ မောင်း သရုပ်ပြသခြင်းနှင့် ဗိုဗီနမ်သိုင်း စွမ်းရည်ပြသနေမှုများကို ပြည်နယ်ဝန်ကြီးနှင့် ဝန်ကြီးများက ကြည့်ရှုအားပေး၍၊ ပြည်နယ်ဝန်ကြီးချုပ်မှ လူငယ်သင်တန်းကျောင်းသို့ အလှူငွေ ကျပ် (၅)သိန်းအား လှူဒါန်းရာ လူငယ်သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ တက်ရောက်လာကြသော သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၁၅ရက် နေ့မှ ၂၈ရက်နေ့အထိ ၁၄ရက်ကြာသင်ကြားပြီး အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်း ခြင်းသင် တန်းတွင်(၂၀)ဦး၊ ဂဟေဆက်သင်တန်းတွင်(၁၅)ဦး၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းတွင်(၂၀)ဦး စုစုပေါင်းသင်တန်းသားဦးရေ(၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)