မိုင်းခုတ် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာ၌ နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ် တည် ဆောက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းဆတ်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန၊ တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။
အဆိုပါ နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ်ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၈၅)သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက(၁၂၀)အတွက် စိုက်ပျိုးရေ လုံလုံလောက်လောက် ပေးဝေနိုင်မည့်အပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)